ကျောက်တလုံးကြီးမြို့ အ.မ.က ထီပြွန်ကျောင်းတွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်တလုံးကြီး ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ခြင်းအလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီက အ.မ.က ထီပြွန်ကျောင်းတွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်အကြောင်းအရာ၊ လူငယ်များအနေဖြင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်လိုအပ်ကြောင်း၊ လူငယ်နှင့်စာရိတ္တ၊ စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများနှင့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာမှတ်သားခဲ့ကြသည်။

ဆက်လက်၍ နံရံကပ်စာစောင်ပြပွဲအားကျင်းပရာ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သော ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားတွင် ပါဝင်ပတ်သတ်သူများ၏ တုံ့ပြန်ချက်၊ ကလေးအလုပ်သမားဟူသည် တရားမဝင်သည့်အကြောင်းအရာများ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဘေးအန္တရာယ် ကျရောက်နေသော ကလေးအလုပ်သမားများစသည့် အကြောင်းအရာများကို ခင်းကျင်းပြသရာ  ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာခဲ့ပြီး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများမှ  မိမိကြိုက်နှစ်သက်ရာ သုတ/ရသစာအုပ်စာစောင်များအား ဖတ်ရှုလေ့လာ၍ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)