ရန်ကုန် ဇန်နဝါရီ ၂၂
ပညာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2024 (Educational Project & Skills Competition)နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ရက်များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်များနယ်မြေရှိ MICT Park ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် အလယ်တန်း၊ အထက်တန်း၊ ဆရာ/ဆရာမနှင့် ပညာရေးဝန်ထမ်းအဆင့်အလိုက် ပြိုင်ပွဲဝင်များမှ ပရောဂျက် Presentation များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီ ၂၂ ရက်နေ့ရက်တွင် မူလတန်းအဆင့်ပြိုင်ပွဲဝင်များမှ လက်တွေ့ဆောင်ရွက်ခြင်း (Skills Competition)ကို ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲဗဟိုအဆင့်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများဖြစ်သော ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ အလယ်တန်းအဆင့်ပြိုင်ပွဲဝင်(၁၂)ဖွဲ့၊ အထက်တန်းအဆင့်ပြိုင်ပွဲဝင်(၉)ဖွဲ့၊ ဆရာ/ဆရာမ၊ ပညာရေးဝန်ထမ်းအဆင့်ပြိုင်ပွဲဝင်(၆)ဖွဲ့၊ မူလတန်းအဆင့်ပြိုင်ပွဲဝင်(၂၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)