ကချင်ပြည်နယ်အတွင်း ဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပဉ္စမအကြိမ်ပို့ဆောင်ပေး

မြစ်ကြီးနား ဒီဇင်ဘာ  ၃

ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်ပေးလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်း(၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဦးမောင်မောင်ချို ဦးစီးမှူး (တတိယ) တန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ (ဒုတိယ) မြို့နယ်တပ်ဖွဲ့မှူးတို့ လိုက်ပါလျက် ယမန်နေ့ နံနက် ၅ နာရီတွင် မြစ်ကြီးနားမြို့နယ်မှ မန္တလေးမြို့သို့ ပဉ္စမအကြိမ် ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

လတ်တလောဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကချင်ပြည်နယ်အတွင်းရှိဆေးရုံများမှ စောင့်ကြည့်လူနာများ (၄၉၅)ဦးတို့၏ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ကျန်းမာရေးဝန်ထမ်းနှင့်အတူ ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂)ဦးမှ လိုက်ပါကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ပြည်နယ်ကြက်ခြေနီရုံး မှ သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့ အထိ (၂၃၃)ဦးရှိပြီး (၁၆၂)ဦးမှာ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် (၅၅)ဦးမှာ ဆေးရုံ၌ ဆက်လက် ကုသမှုခံယူ လျက်ရှိကြေင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)