အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မိုင်းရှူး ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက စုံညီပွဲတော်တူနွဲပျော် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဇူလှိုင်ဝင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းစံမိန်းတို့က အမှာစကားပြောကြားကြရာ ကျောင်းအုပ်ဆရာမကြီးဒေါ်စိန်ငွေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄နှင့်၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ထူးချွန်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းကို တာဝန်ရှိိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူနှင့် ကျောင်းသားမိဘများတက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)