စဉ့်ကိုင် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်ထုတ်ယူရာတွင် ဇန်နဝါရီလ ၂၁ ရက်မှ စတင်၍ မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများအား နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး လစာငွေများအား အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက် ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါကလိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျ စနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင် (၃၃၉) ဦး၊ ကာကွယ်ရေးပင်စင်(၁၀၈) ဦး၊ နိုင်ငံရေးပင်စင်(၃၉)ဦး စုစုပေါင်းပင်စင်စား (၄၈၆) ဦးထုတ်ပေးပြီးဖြစ်ပြီး ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)