ရွှေပြည်သာမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း" ကျင်းပ

ရွှေပြည်သာ ဇန်နဝါရီ ၂၂

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြတ်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နိုင်ဦးက မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး‌ဦးဝင်း‌ဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌အေးအေးမိုးနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာဦးကြည်လွင်သိန်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်‌ဆောင်ရွက်ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ‌ ကျောင်းသား/သူ(၇)ဦးက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်‌ဆေးဝါး၊  လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစားခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည့်မေးခွန်းများကို‌လည်း ပြန်လည်ဖြေကြား‌ဆွေးနွေးခဲ့သည်။

လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)