တာချီလိတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း သုံးမျိုးဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ်တာချီလိတ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမြအုန်းစိန်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုအခြေခံလုပ်ငန်းဖြစ်သဖြင့် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ တိုးတက်ကောင်းမွန်ပြည့်စုံစေရန်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်း လူငယ်/လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာ၍ တစ်ဦးချင်းဝင်ငွေတိုးတက်ကာ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရန်ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဧည့်ကြိုသင်တန်းသား (၃၀) ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းသား (၃၀) ဦး၊ အစားအစာနှင့် အဖျော်ယမကာ(ဝန်ဆောင်မှု)သင်တန်းသား (၂၀) ဦး၊ စုစုပေါင်း သင်တန်းသား (၈၀) ဦး ပါဝင်တက်ရောက်ပြီး သင်တန်းဆရာများက စာတွေ့လက်တွေ့ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုရရှိသည်အထိ သင်တန်းကာလ လေးပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)