မြစ်သား ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ ကွင်းအမှတ် (၄၈၀)၊ ဦးပိုင်အမှတ်(၁၆)၊ တောင်သူ ဦးနှင်းအောင်ချမ်း၏ (၃)ဧက စပါးစိုက်ကွင်းတွင် မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)၊ စက်မှုလယ်ယာစခန်းမှ ဦးစီးကျင်းပသော ကောက်ရိုးထုံး စက်ကိရိယာနှင့်ရိုးပြတ်ဖြတ်စက်ကိရိယာများဖြင့် ကောက်ရိုးထုံးခြင်းနှင့်ရိုးပြတ်ဖြတ်ခြင်းများ တောင်သူ ပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)၊ စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သီးထပ်စိုက်သော တောင်သူများအား စက်စွမ်းအားကိုအသုံးပြုပြီး အချိန်နှင့်တပြေးညီရိတ်သိမ်းပြီး စပါးခင်းများအား ကောက်ရိုးထုံးခြင်း၊ ရိုးပြတ်ဖြတ်ခြင်း၊ ထယ်ရေးဝင်နိုင်အောင်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကဝန်ဆောင်မှုပေးနေသော စက်ပိုင်ရှင်များအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင်သမရိုးကျနည်းများဖြင့် မဟုတ်ဘဲ နည်းပညာသစ်လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် ယခုလက်ရှိအသုံးပြုနေသော ကောက်ရိုးထုံးစက်ကိရိယာနှင့် ရိုးပြတ်ဖြတ်စက်ကိရိယာအသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဝန်ဆောင်မှု ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်းနှင့်ရိုးပြတ်ဖြတ် ကိရိယာ(Rotary Mulcher) အသုံးပြုခြင်းနှင့် ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကို စပါးစိုက်တောင်သူများအား လက်တွေ့သရုပ်ပြပွဲပြသကာ ပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနှမှူး ဦးမိုးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းနှင့်ဝန်ထမ်းများ၊ ရွှေပေါ်ကျွန်းကျေးရွာရှိ ဒေသခံစပါးစိုက် တောင်သူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(ပြန်/ဆက်)