မိတ္ထီလာ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျောက်ပုံကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများ၊ ကျေးရွာရေကော်မတီဝင်များနှင့်အတူ ကျောက်ပုံကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ကျောက်ပုံကျေးရွာ၌ ကျေးလက်ရေရရှိရေး အကျယ် ၄ လက်မ၊ အနက်ပေ ၅၀ ရှိ တွင်းတိမ်ပေါင်းတွင်း ၃ တွင်း စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေစုကန် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေတင်ပိုက်လိုင်း ၂လက်မ PVC ပေ ၁၇၀၀ သွယ်တန်းခြင်းနှင့် လျှပ်စစ်မီးလိုင်း ပေ ၁၆၀၀ သွယ်တန်းခြင်းလုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂ ဒသမ ၇၄ သန်းဖြင့် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇွန်လ ဒုတိယအပတ်က စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၎င်းကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၂၀ အိမ်၊ လူဦးရေ ၆၈၀ ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေအခက်အခဲများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)