မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ကွင်းဆင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်

မန္တလေး ဇန်နဝါရီ ၂၂

ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနအနေနဲ့ မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းကျဆင်းစေရန်အတွက် တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ မြို့နယ်များအလိုက် ရပ်ကွက်ကျေးရွာ များသို့ကွင်းဆင်းပြီး မီးဘေးလုံခြုံရေး၊ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် စစ်ဆေးခြင်း၊ သတိပေးခြင်း၊ သရုပ်ပြသခြင်း၊ ဇာက်တိုက် လေ့ကျင့်ခြင်းများကို လုပ်ဆောင်ပေးနေကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံက သိရသည်။

 “မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းလုပ်ငန်းတွေကို  ဇန်နဝါရီလမှစတင်ပြီး ဆောင်ရွက်နေပါတယ်၊ မန္တလေးမြို့ပေါ်မှာတော့ လူနေထူထပ်တဲ့နေရာ၊ အိမ်ခြေစိတ်တဲ့နေရာ၊ မီးသတ်ကားတွေ အလွယ်တကူ သွားလာနိုင်မှု မရှိတဲ့နေရာတွေ၊ ရေရရှိမှုအခက်အခဲဖြစ်တဲ့နေရာတွေကို အဓိကဦးစားပေးပြီး တစ်အိမ်တက်ဆင်း စစ်ဆေးတာတွေ အသိပေးတာတွေကို  လုပ်ဆောင်နေပါတယ်၊ သက်ဆိုင်ရာမြို့နယ်များအလိုက် မီးဘေးလုံခြုံရေး စီမံချက်တွေကို နှစ်စဉ်ရေးဆွဲပြီး မီးလောင်မှုမဖြစ်ပွားစေရေးနှင့် ဆုံးရုံးမှုအကြိမ်ရေ လျော့နည်းစေရေးအတွက် လုပ်ဆောင်ရာတွင် မီးသတိမူရေးအပိုင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအပိုင်းလည်း လုပ်ဆောင်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

မီးလောင်မှုလျှော့ချစေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် စစ်ဆေးခြင်း၊ ပညာပေးခြင်းများ  တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများကို တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူးများလိုက်ပါပြီး မီးသုံးစွဲသည့် အိမ်ထောင်စုများမှာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်း ကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား ဆောင်ရွက်ထားရှိခြင်း ရှိမရှိ၊ မီးသတ်ဆေးဘူးများ အလွယ်တကူအသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း ရှိမရှိ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ် စိုးရိမ်မှုရှိမရှိ၊ ချက်ပြုတ်သည့်နေရာ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် နေရာများကိုစစ်ဆေးပြီး လက်ကမ်းစာစောင်ဖြန့်ဝေပြီး အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်