ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ခွေးရူးရောဂါကာကွယ်တားဆီးရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသ စာအုပ်စာစောင်များခင်းကျင်းပြသခြင်းဆောင်ရွက်

ငါန်းဇွန် ဇန်နဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် လူကုန်ကူးမှုဆိုသည်မှာ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ သတိပြုရမည့်သူများစသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူသဲက “ခွေးရူးရောဂါ ကာကွယ်တားဆီးရေး”ခေါင်းစဉ်ဖြင့် ခွေးရူးရောဂါ ဆိုတာဘာလဲ၊ ခွေးရူးရောဂါ ကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများ၊ ခွေးမှာ ခွေးရူးရောဂါ ဖြစ်နေကြောင်း ဘယ်လိုခွဲခြားသိနိုင်မလဲ၊ လူတွင် ခွေးရူးပြန်ရောဂါလက္ခဏာများမှာ ဘာတွေလဲ၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ လူတွင်ခွေးရူးရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးရမည့် အခြေအနေများ၊ မိမိ၏ အိမ်မွေး ခွေး/ကြောင်ကို ခွေးရူးရောဂါမှ ဘယ်လိုကာကွယ်မလဲ၊ စသည့် ခွေးရူးရောဂါအန္တရာယ် ကာကွယ်တားဆီးရေးအကြောင်းအရာများကို ကျောင်းသားကျောင်းသူများ အား ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃)က “လူငယ်ရေးရာ အသိ ပညာပေး”ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ လူငယ်များသည် သုံးဆယ်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံပြုမူ နေထိုင်ပြီး ဘဝ ရည်မှန်းချက် အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ် စာစောင်များပြသခြင်းနှင့် သုတရသစာအုပ်စာစောင်များခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။                           

သက်နောင်ဦး(ငါန်းဇွန်)