ကော့မှူး ဇန်နဝါရီ ၂၂
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အောင်ဇဗ္ဗျုအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တက်ရောက်လာသူများနှင့် အားကစားသမားများက မြန်မာနိုင်ငံတော်အလံအား အလေးပြုကာ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကားပြောရာတွင် မြန်မာဘောလုံးလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ကစားကြရန်ပြောကြားခဲ့ပြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း(၁၆)သင်းမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် မကျီးကန်ကျေးရွာဘောလုံးအသင်းနှင့် လက်ခိုက်ကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိ သရေကျခဲ့ကြောင်း သိရသည်။
ကျော်သူရ