ကျိုင်းလပ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးများအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃က ကလေးများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာပြောဆိုတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးဆောင်ရွက်တတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းများ ပိုမိုတိုးတက်လာစေရန်၊ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အာဟာရမုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)