နေပြည်တော်ကောင်စီဝင် ဦးဟန်သူ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၂

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်‌နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင်ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းရည်မှန်းချက် (၆) ရပ်အား စဉ်ဆက်မပြတ် ထိရောက်စွာ အကောင်အထည်‌ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိဘများ၏ စီးပွားရေးကြပ်တည်းမှုများကြောင့် ကလေးသူငယ်များ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်‌နေရခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေး၊ မဖြစ်မနေလုပ်ကိုင်ရမည်ဆိုပါက လုပ်ငန်းခွင်အတတ်ပညာများကို အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကလေးသူငယ်များ ယဉ်ကျေးလိမ္မာရှိစေရေး ယဉ်ကျေးလိမ္မာသင်တန်းများကို ကျောင်းဖွင့်ချိန်၊ ကျောင်းပိတ်သည် အချိန်ကာလများတွင် ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းပြင်ပကလေးများကို ပါဝင်လာနိုင်စေရေး အလေးထားဆောင်ရွက်ရန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးအခြေခံသင်တန်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများကို သက်ဆိုင်ရာဌာနများနှင့် စနစ်တကျပေါင်းစပ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့‌နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ (၈) ရပ်တို့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ကော်မတီအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)