ကျိုင်းတုံမြို့နယ်၊ ယန်းလူး အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ  စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ယန်းလူးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်း၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်တို့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်း၊ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောပြီး ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းသီရိဦးက မီးခိုးမြူငွေ့နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များဖြစ်ပေါ်ရသည့်အကြောင်းအရင်းများနှင့်  ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးပြီး သုတ/ရသ စာအုပ်၊ စာစောင်များ အခမဲ့ငှာရမ်းပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)