တာချီလိတ်မြို့ ညဈေး(Tachileik Night Market) ဖွင့်လှစ်နိုင်ရေး ဈေးရောင်းချသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

တာချီလိတ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ညဈေး(Tachileik Night Market)ဖွင့်လှစ်နိုင်ရေး ဈေးရောင်းချသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့ လမ်းမကြီးများပေါ်တွင် နေရာအနှံ့ ပြန့်ကျဈေးရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျ ရောင်းချနိုင်စေရေးအတွက် ရည်ရွယ်၍ ညဈေးဖွင့်လှစ်ရခြင်းဖြစ်ကြာင်း အမှာစကားပြောကြားပြီး စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်မြို့ ညဈေး(Tachileik Night Market)ဖွင့်လှစ်မည့် ကိစ္စများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ UBL အမှိုက်သိမ်းကုမ္ပဏီနှင့် ရှမ်းအရှေ့ရေပေးဝေရေးကုမ္ပဏီတို့မှ တာချီလိတ်မြို့ ညဈေး (Tachileik Night Market)တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဈေးရောင်းချလိုသူများက သိရှိလိုသည်များ မေးမြန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တာချီလိတ်မြို့ ညဈေး Tachileik Night Market ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ညဈေးစတင်ဖွင့်လှစ်ပြီးချိန်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတားအဝိုင်းပတ်မှ အမှတ် (၂)တံတားမီးပွိုင့်အထိ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် အရှေ့မြို့ပတ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် လမ်းဘေးပျံကျဈေးသည်များ လုံးဝရောင်းချခွင့်မပြုတော့မည်ဖြစ်ကြောင်း တာချီလိတ် ညဈေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)