လွိုင်လင်မြို့၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

လွိုင်လင် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအများစုတွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဟိုခိုက်ကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးခွန်ထွန်းကျော်က ပြောကြားခဲ့သည်။

လွိုင်လင်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို ယခင်ကစိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါစားသုံးဆီဖူလုံရေး၊ မိသားစု အပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့် အပြင်နေကြာတစ်မျိုးထဲစိုက်ပျိုးကြသည်များလည်းရှိကြောင်း၊ ဆောင်းနေကြာ စိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့်အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်းလေးလကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ရေဆင်း-၁စပ်မျိုးနေကြာမျိုးကောင်း မျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ လက်ဝယ်အရောက် နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့အရပ်ဒေသရှိ ကြိတ်စက်များဖြင့်ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ်မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဆောင်းနေကြာကို လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ကျေးရွာ၊ ပန်ခေါက်ဝိုးကျေးရွာ၊ ပန်ဝိုးကျေးရွာနှင့် တောင်နောက်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီးဆောင်သီးနှံ နေကြာ ၈၀ ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

အယ်မင်း(လွိုင်လင်)