မိုင်းဖြတ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံစီးပွားရေးမြင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က တောင်သူများသို့ သွင်းအားစုများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွင်းအားစုမြေဩဇာများကို တောင်သူလက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ဆီထွက်သီးနှံစီမံကိန်းဖြစ်သည့် မြေပဲ၊နေကြာစိုက်ပျိုးသည့် တောင်သူများနှင့် ဝယ်ယူကြိတ်ခွဲရေးအဖွဲ့၊ သွင်းအားစုအဖွဲ့တို့နှင့်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် ကွင်းတစ်ကွင်းစပ်တည်း ပဲပုတ်စိုက်ခင်းဧက (၁၀)စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)