ကျောက်တံတား ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော စာရေးဆရာ(၇)ဦးအား ဇော်ထူးနိုင်စာပေတိုက်က ထပ်ဆင့်ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် ကျင်းပခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို ဆရာမနန်းဟင်းပြင်းမှ “အလှဝေဖြာဆရာ့စေတနာ” တေးထပ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအမှုဆောင် ဆရာပုသိမ်အောင်သန်းဦးကလည်းကောင်း၊ မှော်ဘီဆရာသိန်းစာကြည့်တိုက်ဥက္ကဋ္ဌ ဆရာမောင်ချိုဝေ(အမတ်ဒိန်)ကလည်းကောင်း၊ စာရေးဆရာ ဆောင်းဝင်းလတ်ကလည်းကောင်း၊ ဆရာမှော်ဝန်းကြည်မြတ်ကလည်းကောင်း၊ လေအန်ကုန်းစာပေရပ်ဝန်းမှ ဆရာချစ်မုန်းငြိမ်းကလည်းကောင်း အသီးသီးမုဒိတာစကားပြောကြားခဲ့သည်၊၊
ဆက်လက်၍ စာပေပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသော စာရေးဆရာမောင်နွယ်ရှင် (အရှင်ဝိဇယ)၊ စာရေးဆရာ ကျော်ဌေးအောင်(သက္ကလ)၊ စာရေးဆရာမ မြရည်နန္ဒာ၊ စာရေးဆရာမ မဏိမဉ္ဇူ၊ စာရေးဆရာမ မိုးမိုးသင်း (ပတ္တမြားမြေ)၊ စာရေးဆရာမ မို့သဲကုန်း၊ စာရေးဆရာမ ခင်လေးစိန်(ဘိုကလေး)တို့အား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး၊ ဆုရရှိသူများကိုယ်စား စာရေးဆရာမ မဏိမဉ္ဇူက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စာရေးဆရာ၊ စာရေးဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာပေချစ်မြတ်နိုးသူများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်၊၊
ကျောက်တံတား (ပြန်/ဆက်)