ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

ရန်ကင်း ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ပညာရေးဒီဂရီကောလိပ်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားအား ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူများက “မင်္ဂလာပါ”သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး ဆရာအတတ်သင်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးဖြူဇင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ပြုလုပ်ရသည့်ပြိုင်ပွဲများကို အားထုတ်ကြိုးစားယှဉ်ပြိုင်ကြ‌စေရန်၊ ပြိုင်ပွဲပြုလုပ်ရခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး  ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ အနိုင်အရှူံးသည် အဓိကမဟုတ်ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်ကြောင်းစသည့် ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အောင်မြင်မှုပန်းတိုင်မရောက်မချင်းမလျော့သောဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားရန်လိုအပ်ကြောင်း၊ ဆရာကောင်းတို့ထားရှိအပ်သောစိတ်ထား၊ စောင့်ထိန်းရမည့်ကျင့်၀တ်တို့ကို ရှင်းလင်း‌မှာကြားပေးခဲ့သည်။ ထို့နောက် ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ကျောင်းသူများက “Myanmar School” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

အခမ်းအနားကို ပညာရေး၀န်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးဖြူဇင်၊ ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာကြီးနှင့် ဒုကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ လက်ထောက်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲလေး(ပြန်ဆက်)