ရန်ကုန် ဇန်နဝါရီ ၂၁
သန်လျင်ခရိုင်၊သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရုံးသန့်ရှင်းသာယာလှပရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အလေးထားဆောင်ရွက်ရန်၊ မကြာမီပြည်ထောင်စုနေ့ရောက်ရှိလာမည်ဖြစ်သည့်အတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြင်ဆင်ထားရှိရန်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်သွားရန်၊ နွေစပါးစိုက်ပျိုးရေး သတ်မှတ်ဧကပြည့်မီရေးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)