မဟာအောင်မြေမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် Knowledge Morality & Confidence Private Hight School Mandalay (KMC) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့် အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာအုပ်များနှင့်ရင်းနှီး ကျွမ်းဝင်မှုရှိလာပြီး စာ‌ပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြတ်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲများကို အရှိန်ဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးဝင်းဦးက လူငယ်နှင့်အားကစားခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပညာ၏တန်ဖိုးအ‌ကြောင်းကိုလည်းကောင်း အသီးသီးဟောပြောသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုက်ကွမ်ဒိုသရုပ်ပြတင်ဆက်ခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက က‌လေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတ၊ ရသ စာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း