မိုင်းဆတ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ လွယ်ဆောင်ကျေးရွာ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို "လက်ဆင့်ကမ်း"စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းဆတ်ခရိုင်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ လွယ်ဆောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ရဲအောင်၊ လွယ်ဆောင်ကျေးရွာမှ ရပ်မိ/ရပ်ဖ ဦးကျကောတို့က "လက်ဆင့်ကမ်း"စာကြည့်တိုက်အဆောက်အအုံအသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းဆတ်ခရိုင်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများနှင့် မြို့ပြနေပြည်သူများ ကွာဟမှုမရှိစေရေးအတွက် အသိပညာ၊ ဗဟုသုတတိုးပွားစေရေးနှင့် အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်စေပြီး အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော်အနေဖြင့် ကျေးရွာစာကြည့်တိုက်များကို တည်ဆောက်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်တစ်တိုက်ဖွင့်လှစ်ရာတွင် အခြေခံအားဖြင့် B ငါးလုံးကိုအခြေခံလျက် အများပြည်သူအကျိုးအတွက် ဦးစားပေးအဆင့်အနေဖြင့် ဆောင်ရွက်ရာတွင် Books စာအုပ်စာပေ၊ Brain ဦးနှောက်ဟုဆိုရမည့် စာကြည့်တိုက်မှူး၊ Building အဆောက်အဦ၊ Budget ရန်ပုံငွေနှင့် Borrower စာငှားသူများတို့ဖြစ်ပါကြောင်း၊ ယနေ့စာဖတ်သူသည် မနက်ဖြန်တွင် ခေါင်းဆောင်ဟူသည့် ဆောင်ပုဒ်နှင့်အညီ စာအုပ်စာပေများကို အလေးထား လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာကြည့်တိုက်များ ရေရှည်ခိုင်မာရေးလုပ်ငန်းစဥ်များအား အသိပညာပေးဟောပြောခဲ့ပြီး လွယ်ဆောင်ကျေးရွာမှ ရပ်မိ/ရပ်ဖ ဦးကျကောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ၏ စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုနေခြင်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဆတ်ခရိုင်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းနှင့် ဝန်ထမ်းများ၊ လွယ်ဆောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ရဲအောင်၊ လွယ်ဆောင်ကျေးရွာမှ ရပ်မိ/ရပ်ဖ ဦးကျကောနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာကြည့်တိုက်အား နိုင်ငံတော်မတည်ငွေ ကျပ်သိန်း (၁၅၀)ဖြင့် အလျားပေ (၂၀)၊ အနံ ပေ (၂၀)၊ အမြင့် (၁၀)ပေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)