မောက်မယ်မြို့နယ်၌ အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မောက်မယ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာနခွဲနှင့် ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ယနေ့နံနက် ၁၀ နာရီက အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးစတင် ထိုးနှံ/ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားဆောင်ရွက်မှုသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ ဖြစ်ပွား သေဆုံးမှုလျှော့ကျရန်ရည်ရွယ်၍ အသက် (၁) နှစ်မှ (၅) နှစ် အရွယ်ကလေးငယ်များတွင် ကာကွယ်ဆေး မရရှိသော ကလေးငယ်များနှင့် ကာကွယ်ဆေးမပြည့်စုံသောကလေးများ တစ်ဦးတစ်ယောက် မကျန်ရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုလှုပ်ရှားမှုတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအား ဆေးတစ်လုံးလျှင် ကလေးငါးဦးနှုန်းစီ Catch- up နည်းလမ်းဖြင့် သတ်မှတ်ကာကွယ်ဆေးများနှင့်အတူ ဘီစီဂျီ၊ အသဲရောင် အသားဝါရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) နှင့် ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ယနေ့တွင် (၅၀) ဦးခန့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဆရာမများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)