စဉ့်ကိုင် ဇန်နဝါရီ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေစေရန်၊ တစ်ဘက်တစ်လမ်းမှ မိသားစု ဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေစေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန် ရည်ရွယ်ကာ ဆပ်ပြာဆီအမျိုးမျိုးနှင့် ခေါင်းလျှော် ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို အုန်းလက်ကောက်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မီမီအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်နွယ်နီအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများအကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းခဲ့သည်။ ထို့နောက် အုန်းလက်ကောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများက သင်တန်းသူ (၂၀) ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကို ၂၀-၁-၂၀၂၅ရက်နေ့မှ ၂၉-၁-၂၀၂၅ ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)