ချမ်းအေးသာစံ ဇန်နဝါရီ ၂၁
စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) တို့တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတိုင်းဦးစီးမှူးများအား တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ တွေ့ဆုံပြောကြားရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဦးစီးမှူးများအား ခေါ်ယူတွေ့ဆုံပြောကြားခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်ပြီးခဲ့သည့်လုပ်ငန်းများနှင့်ပတ်သက်၍ အားနည်းချက်အားသာချက်များကို ပြန်လည်သုံးသပ်ကာ ကြုံတွေ့နေရသည့် အခြေအနေများကို ပွင့်လင်းမှန်ကန်စွာ တင်ပြစေချင်လိုပါကြောင်း၊ နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့်စွမ်း အင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ဖွဲ့စည်းပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ နှစ်ရပ်စလုံးဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားကို တစ်ဖက်တလမ်းက ဖြည့်ဆည်းပေးနိုင်မည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုလာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ရေး ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများ တွင်ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေး နိုင်ငံတော်၏မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်း ကဏ္ဍတစ်ခုတွင် ပါဝင်ပါကြောင်း၊ မကြာမီ အခြေခံပညာစာမေးပွဲများ၊ တက္ကသိုလ်ဝင်တန်း စာမေး ပွဲများ ကျင်းပတော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် နောက်ကျမကျန်စေရေးအတွက် ရာနှုန်းပြည့်ဖြေဆိုနိုင်ရေး၊ အကြောင်းအမျိုးမျိုး ကြောင့် နေရပ်စွန့်ခွာကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသက်အရွယ်အလိုက် ကျောင်းတက်ရောက်နိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုလျော့နည်းမသွားရေး၊ ဆရာ၊ ဆရာမများ အရည်အသွေးတိုးတက်မြှင့်မာရေးတို့တွင်လည်း အလေးထားကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ကျန်းမာရေးကဏ္ဍတွင် အဖက်ဖက်မှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ တိုင်းဦးစီးမှူးများအနေဖြင့် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် နိုင်ငံတော်၏ မူဝါဒများ၊ ရည်မှန်းချက်များအတိုင်း လေးစားလိုက်နာကာ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တိုင်းဦးစီးမှူးများအား ဖြည့်စွက်ဆွေးနွေး အကြံပြုပြောကြားပြီးနောက် တိုင်းဒေသကြီးဦးစီးမှူးများက လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်