နေပြည်တော် ဇန်နဝါရီ ၂၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာအတွင်းရှိ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရွှေခဲအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ သစ်ပင်သစ်တောများ ပြုန်းတီးမှုမရှိစေရေးနှင့် ကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးရေးတို့ကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီနှံများ ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများကို သဘာဝမြေဩဇာများကို တွင်ကျယ်စွာအသုံးပြုရေး၊ သီးထပ်စွမ်းအားများ တိုးတက်ရေးတို့ကို တောင်သူများ လိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)