လယ်ဝေး ဇန်နဝါရီ ၂၁
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ရွှေပြည်သာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံနွေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးရေးထုတ်ကုန်များတိုးတက်ရန်၊ သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စားအုန်းဆီအစား ဒေသထွက်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီစွာထွက်ရှိ၍ ဒေသတွင်းစားသုံးဆီဖူလုံရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်အကူအညီရယူဆောင်ရွက်သွားကြရန်၊ ပညာသင်ကြားရေးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး၊ အတန်းစဉ်အလိုက် စဉ်ဆက်မပြတ် ကူးပြောင်းတက်ရောက် သင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ရန် မှာကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို ကူညီဆောင်ရွက်မည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရွှေပြည်သာကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စလိုအပ်ချက်များ တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ရွှေပြည်သာကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းရေးတိုးတက်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)