နောင်တရား ဇန်နဝါရီ ၂၁
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပင်လောင်းတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ကျေးလက်နေပြည်သူများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပင်လောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး လေးဇော်ဦးမှ သံဃာတော် အရှင်သူမြက်ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် ကျေးလက်နေပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကျန်းမာရေး အသိပညာပေး ဟောပြောသည်။ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူမည့် ပြည်သူများ၏ အထွေထွေရောဂါများကို စမ်းသပ်ပေးခြင်း၊ ကုသပေးခြင်း၊ ပညာပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသည်။
နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပင်လောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး လေးဇော်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဆေးဖက်ဆိုင်ရာပါရာဂူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်။ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ထံသို့ ကျေးလက်နေပြည်သူ (၂၁၀) ဦး လာရောက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)