(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၂၁

“(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းအမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာ
အေးအေးခင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆေးသုတေသနပညာရှင်များ၊ စာတမ်းဖတ်ကြားမည့် အဓိကသုတေသီများနှင့် ပြည်ပပညာရှင်များသည် သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုကြသည်။

ညီလာခံသို့ တင်သွင်းလာသည့်စာတမ်းများမှ အကောင်းဆုံးအခြေခံသုတေသန(Basic Research)စာတမ်းဆုများ၊ အကောင်းဆုံးလက်တွေ့အသုံးချသုတေသန(Applied Research)စာတမ်းဆုများ၊ အကောင်းဆုံးကျန်းမာရေးစနစ်သုတေသန (Health Systems Research)စာတမ်းဆုများ၊ အကောင်းဆုံးပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)