ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်

ပုဇွန်တောင် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားလာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးနှင့် မီးလောင်မှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်()အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး ထိန်းသိမ်းထားသိုနည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့်အသုံးဝင်ပုံများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အသိပညာပေးဟောပြောပေးခဲ့သည်။ ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းနှင့် ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း၊ ဂတ်စ်မီးအသုံးပြုသူများအနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး မရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသပေးခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင် ကျော်လွင်၊ အဖွဲ့ဝင်(၂) ဦးမင်းဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်