ဥတ္တရသီရိ ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ဘုရားတောင်ကျေးရွာအုပ်စုအတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပိုတက်ကျေးရွာ စိုက်ပျိုး၊ စီးပွား အသိပညာပေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနဲဒို၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကြည်၊ ဘုရားတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းတို့က ဒေသခံတောင်သူများအနေဖြင့် နွေစပါးနှင့် နွေသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကများ ပိုမိုတိုးတက်လာစေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းလေးသွယ်ကို စနစ်တကျမှန်ကန်အောင်ဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေးဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)