ပေါင်မြို့နယ်၌ သမဝါယမအသင်းလီမိတက်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အသင်းပိုင်လယ်မြေ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပေါင်   ဇန်နဝါရီ    ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ"ရွှေချမ်းသာ"စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အသင်းပိုင်လယ်ဧက(၄၀၀)တွင် တာဝန်ယူလုပ်ဆောင်နေသည့် အသင်းသားတောင်သူ(၃၈)ဦးတို့၏ နွေစပါးစိုက်ပျိုးထားမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ၊ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် ယ‌နေ့နံနက်ပိုင်းကတွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး  သီးနှံများအထွက်နှုန်းတိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုရွှေချမ်းသာစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် အသင်းသားတောင်သူများသို့ တစ်ဧကလျှင်ကျပ်နှစ်သိန်းနှုန်းဖြင့် ဧက(၄၀၀)အတွက် ငွေကျပ်သိန်း(၈၀၀)တန်ဖိုးရှိ သွင်းအားစုများပံ့ပိုးဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

မွန်မလေး (ပြန်/ဆက်)