မြစ်သား ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၆ခုနှစ်၊ (၁၃၄) ကြိမ်မြောက် တပို့တွဲ(နှမ်းမနဲ)ပွဲတော် စည်ကားသိုက်မြိုက်စွာနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က တပို့တွဲ (နှမ်းမနဲ) ပွဲတော်အတွက် ဆောင်ရွက်ရမည့် အစီအစဉ်များကို ပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဦးတင့်လွင်ဦးက ဘောလုံးပြိုင်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရွက်မည့် အစီအစဥ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေမုဋ္ဌောဘုရားဂေါပကဥက္ကဋ္ဌ ဦးကံညွှန့်က ပွဲတော်ကာလအတွင်း ဓမ္မစကြာအသင်းအဖွဲ့များရွတ်ဖတ်ခြင်း၊ ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများပြုလုပ်ပြီး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး တပို့တွဲ (နှမ်းမနှဲ)ပွဲတော်တွင် ဘုရားရှင်နှင့် ဆရာတော် သံဃာတော်များအား ယာဂု (နှမ်းမနဲ)ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကြာအသင်းများက တပို့တွဲလဆန်း(၁)ရက်နေ့မှ (၁၅)ရက် နေ့အထိ (၁၅)ရက်တိုင်တိုင် ညစဉ်ရွတ်ဖတ်ပူဇော်ခြင်း၊ တပို့တွဲလဆန်း (၁၄) ရက်နေ့ နှင့်(၁၅)ရက် တို့တွင် သားစွမ်းအနုပညာဇာတ်သဘင်မှ ကပြဖြော်ဖြေခြင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဝိုင်းခြင်း၊ ခြင်းအလှခတ်ပြပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ စသည်များကို နေ့ရက်အလိုက် ဧည့်ခံဖျော်ဖြေတင်ဆက်ပေးခြင်းနှင့် တပို့တွဲလပြည့်ညတွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဆီမီး (၁၀၀၀) ဆက်ကပ်ပူဇော်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တပို့တွဲ(နှမ်းမနဲ)ပွဲတော်အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ဦးတင့်လွင်ဦး၊ ရွှေမုဋ္ဌောဘုရားဂေါပကဥက္ကဋ္ဌ ဦးကံညွှန့်၊ မြို့ပေါ်(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)