စစ်တွေ ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်ဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအချိန်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုလိုသော အလေ့အကျင့်ကောင်းများရရှိစေရန် အပါအဝင် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်းမှာ (၁၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍လည်း စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် စာကြည့်တိုက်များ ရှင်သန်တိုးတက်ရန်အတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ဆိလျှင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်များက ဦးဆောင်ပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကျင်းပခြင်းအားဖြင့် လူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေခြင်း၊ ရရှိပြီးသည့်အသိပညာ၊ ဗဟုသုတများကို လူငယ်အချင်းချင်း ပြန်လည်မျှဝေဖလှယ်နိုင်ခြင်း၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့ အထကောင်းများ ရရှိစေခြင်း၊ ပရိသတ်ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် အလေ့အကျင့်များကိုရရှိပြီး စကားပြောစွမ်းရည် ကျွမ်းကျင်လိမ္မာစေခြင်း၊ လူငယ်များဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ဆိုသည်မှာ အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ ယနေ့ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများသည် နောင်မကြာသောကာလတွင် နိုင်ငံ၏ရှေ့ဆောင်လမ်းပြသူများ တစ်နည်းအားဖြင့် ခေါင်းဆောင်များ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့်အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်၏ ခေါင်းဆောင်ဖြစ်လာမည့် ယနေ့လူငယ်တွေအနေဖြင့် Globalization ခေတ်၏ သဘောတရားအရ နည်းပညာနယ်ပယ်ကို မဖြစ်မနေပါဝင်ပတ်သက်ရမည် ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စာပေအသိပညာရှိရန်လိုအပ်ကြောင်း၊ အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် မိမိတို့အပါအဝင် လူတိုင်းက ကြိုးစားကြရန်လိုအပ်ကြောင်းနှင့် မိမိတို့ဖတ်ရှုသိရှိထားသော အသိပညာ၊ ဗဟုသုတများကို ပြန်လည်ဟောပြောပေးခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှု အကျိုးကိုခံစားရမည် ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဆွေးနွေးပွဲတွင် စစ်တွေတက္ကသိုလ် မြန်မာစာဌာနမှ နည်းပြ ဒေါ်ထက်ထက်တင်နှင့် ဥပဒေပညာဌာနမှနည်းပြ ဒေါ်ကြည်သဉ္စာနွယ်တို့က ဦးဆောင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးကြပြီး စစ်တွေတက္ကသိုလ် သတ္တဗေဒ ဒုတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသား မောင်ပြည့်ဖြိုးဟိန်း၊ ဥပဒေပထမနှစ်မဟာတန်းကျောင်းသား မောင်ခိုင်ရဲမင်း၊ မြန်မာစာမဟာတန်း ပထမနှစ်ကျောင်းသူ မဖြိုးဝေလှိုင်၊ သမိုင်းမဟာအရည်အချင်းစစ်ကျောင်းသူ မဝင်းစန္ဒာ၊ ဓာတုဗေဒ ပထမနှစ်ကျောင်းသား မောင်စောမောင်လတ်တို့က လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ စသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ယင်းနောက် စစ်တွေတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးကြသူများက ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲပါဝင်ဆွေးနွေး ကြသူများနှင့် မေးမြန်းဆွေးနွေး သူများ၏ ဆွေးနွေးချက်များအပေါ် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေတက္ကသိုလ်အတွက် သင်ကြားရေးအထောက်အကူပြု ချီးမြှင့်ငွေများကိုပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ စစ်တွေတက္ကသိုလ် စာကြည့်တိုက်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် စာအုပ်၊ စာစောင်များကို ပြည်နယ်လူမှုရေးရာဝန်ကြီးကပေးအပ်လှူဒါန်းရာ စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)