ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၂၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ(၂၀)ရက်နေ့က ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်လာနိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးနှင့်တာဝန်ရှိသူများက ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆုရရှိခဲ့သည့် သင်္ချာဌာနအသင်း၊ ဘောလုံးပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲဘော်လီဘောပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဘာသာရပ်ပေါင်းစုံ(၁၄)ဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့မှစတင်၍ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲများသို့ ဘာသာရပ်ပေါင်းစုံ(၁၄)ဌာနတို့မှ ဘောလုံးပြိုင်ပွဲဝင်(၁၁)သင်း၊ ပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲသို့(၈)သင်း၊ သုံးယောက်တွဲပြိုင်ပွဲသို့ (၈)သင်း၊ လေးယောက်တွဲပြိုင်ပွဲသို့ (၇)သင်း၊ ကြက်တောင်ရိုက်အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲသို့ (၁၀)သင်းနှင့် တစ်ဦးချင်းပြိုင်ပွဲသို့(၂၃)ဦး၊ ကြက်တောင်ရိုက်အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲသို့ (၁၀)သင်းနှင့် တစ်ဦးချင်းပြိုင်ပွဲသို့(၂၂)ဦး၊ ဘော်လီဘောပြိုင်ပွဲ အမျိုးသားပြိုင်ပွဲသို့(၆)သင်းနှင့် အမျိုးသမီးပြိုင်ပွဲသို့ (၅)သင်းနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲ(၁၁)မျိုးသို့ ပြိုင်ပွဲဝင်(၁၂၀)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)