မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၀
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရန်နှင့်စကားပြော အတတ်ပညာကျွမ်းကျင်စွာတတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)အချိန်ခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ကြရန်၊ စကားပြောအတတ်ပညာကျွမ်းကျင်စွာ တတ်မြောက်ပြီး လူအများရှေ့ရဲဝင့်စွာပြောတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့်တို့ကိုပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ အထင်တန်းပြဆရာမ ဒေါ်တင့်တင့်ထွန်းတို့က Moderator အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် Grade-11 မှ မဟေမာန်မိုးဦး ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် Grade-11 မှ မစန္ဒာလင်းကလည်းကောင်း၊ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် Grade-11 မှ မစီစီမြင့်နွယ် ကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် Grade-10 မှ မသီရိသဇင်ဝင်းကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် Grade-11 မှ မပန်းအိဖြူကလည်းကောင်း၊ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် Grade 10မှ မခင်မေဦးကလည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးတင်မောင်မောင်ဦးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိုးတို့က လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)