ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ခရမ်း ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အ.ထ.က (၁) ကျောင်း စိန်ရတုခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် (၂) ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေကာ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်၊ လူရွယ်များပေါ်ထွန်းလာမည်ဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြတ်လေးနွယ်က အားကစားနှင့်ပတ်သက်သည့် သိကောင်းစရာများအားဆွေးနွေး၍ ပြန်လည်မေးမြန်းရာ ဖြေကြားနိုင်သူ ကျောင်းသား၊ ကျောင်းသူများအား အားကစားပစ္စည်းများကို အမှတ်တရ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်တိုင်းရင်း‌ဆေးမှူး ဒေါ်လှမြတ်ထက်က သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများအန္တရာယ်အ‌ကြောင်းနှင့် တိုင်းရင်းဆေးဝါးများ ဝယ်ယူသောက်သုံးပါက  သိရှိရမည့်အချက်များအား ဟောပြောခဲ့ပြီး အ.ထ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်၊၊

မြို့နယ်(ပြန်/ဆက်)