ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စာသင်ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

ဒဂုံတောင် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ရှေးဦးသူနာပြုစုနည်းအတတ်ပညာကို လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ စာသင်ကျောင်းအ‌ခြေပြု ရှေးဦးသူနာပြုစုနည်းအခြေခံ (BASIC FIRST AID TRAINING) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းဇော်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ပတ်ဝန်းကျင်တွင် အန္တရာယ်တစ်ခုခုကြုံလာပါက ရှေးဦးပြုစုနည်းသည် အဓိကအရေးပါသောကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အားလုံးတတ်သင့်သည့်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ(၇)တို့က ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘော၊ လူနာဆန်းစစ်ခြင်း၊ စိတိပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်/သွေးလန့်ဖြစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် အရိုးဆက်ကြောဒဏ်ရာ၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုခြင်း သင်ခန်းစာများကို  စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ဇန်နဝါရီလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးအောင်