ရပ်စောက် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၆၂) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့သည်။
အလားတူ ယနေ့နံနက် ၈ နာရီက ဗထူးတပ်မြို့ရှိ အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ တပ်မတော် (ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဖွင့်ပွဲ တွင်တပ်မတော် (ကြည်း) အမှတ် (၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၃၉၇) ဦး အားသင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြု စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့သည်။
မြို့နယ်ပြန်/ဆက်