တံတားမြို့တွင် ကျောင်းသားကျောင်းသူများအသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

တံတား ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပသော ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က တံတားမြို့အ.မ.က(မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ”လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်ဟောပြောရာတွင် ရည်မှန်းချက်ကြီးမားခြင်းသည် အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ ရည်မှန်းချက်ကို မည်သူမဆိုမွေးမြူပျိုးထောင်၍ရကြောင်း၊ အောင်မြင်ပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်စေရန် ရည်မှန်းချက်ကြီးကြီးထားရမည်ဖြစ်ကြောင်း၊ မိမိ၏စိတ်ဓာတ်ကိုလည်း အကောင်းဘက်သို့ရောက်ရှိအောင် ပြုပြင်ပေးရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုရည်မှန်းချက်ကြီးမားသူတစ်ဦးကဲ့သို့ တွေးခေါ်ကာရည်မှန်းချက်ကြီးမားသူတို့နှင့် ပေါင်းသင်းဆက်ဆံသင့်ကြောင်း၊ ဤအလေ့အကျင့်သည် မိမိစိတ်တိုးတက်စေရန် အထောက်အကူပြုကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပန်ဆုပြည့်(ပြန်/ဆက်)