တွံတေးမြို့နယ်၌ ဓမ္မာလင်္ကာရ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တွံတေး ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်၊ ဘုရင့်နောင်ရှိ ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက်ရှိ မဟာသဒ္ဓမ္မဇောတိကဓဇကျောင်းဆောင်တွင် ကျောင်းသား၊ကျောင်းသူများ ယဉ်ကျေးလိမ္မာသော သားငယ်၊သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန်အတွက် ဓမ္မာလင်္ကာရ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယမန်နေ့ နေလည်၁၂ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းဆင်းပွဲတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တွံတေးမြို့ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ အဒွန်း(မြို့မ)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယာဝံသနှင့်အတွင်းရေးမှူး ဓမ္မာလင်္ကာရ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက၊ ဓမ္မာလင်္ကာရဓမ္မစကူးလ်၏ ဦးစီးပဓာနသြဝါဒစရိယဘဒ္ဒန္တ ရေဝတ(ရွှေကွမ်းသား)တို့ထံမှ သြဝါဒခံယူတော်မူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး ယင်းနောက်တွံတေးမြို့နယ် ဓမ္မစကူးလ်အတွင်းရေးမှူး ဒေါ်အေးအေးခိုင်က ဓမ္မစကူးလ်၏အကျိုးကျေးဇူးကဗျာရွတ်ဆို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကြင်အုန်း၊ ဘက်စုံပညာထူးချွန်ဆုများနှင့် စာပေဆုများရှင် ဆရာဦးအောင်ကျော်သန်းတို့မှ အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဓမ္မစကူးလ်မှသင်ကြားရေး ဆရာ၊ဆရာမများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ကာ မြို့နယ်ဓမ္မစကူးလ်ကော်မတီမှ ဓမ္မာလင်္ကာရ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပရာ ဓမ္မစကူးလ်ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တွံတေးသား