ဒလမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပတ်၀န်းကျင်ထိန်းသိမ်း‌‌ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အ.ထ.က(၂)ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦးရွှေလှိုင်ကအဖွင့်အမှာစကားပြောကြားပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ဦး‌ဇော်နိုင်လင်းက ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရခြင်းအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများပြောကြားသည်။ ဆက်လက်၍ လေထုညစ်ညမ်းမှုအကြောင်း၊ လေထုညစ်ညမ်းခြင်းကြောင့် ပတ်၀န်းကျင်ဆိုင်ရာပြဿနာများ၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသောအကြောင်းအရင်းများ၊ ကမ္ဘာ့လေထုအကြောင်း လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သောဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကိုလျှော့ချကာကွယ်နိုင်သောနည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး မြေထု၊ ရေထု၊ လေထု၊ ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေးဗီဒီယို Clip ဖြင့်ပြသခဲ့သည်။ ထို့နောက် မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၀န်ထမ်းများက မီးခိုးမြူငွေ့ထွက်ရှိနိုင်သည့်အရင်းအမြစ်များနှင့် မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ ထိန်းချုပ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို အခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကို ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာမေးခွန်းများမေးမြန်းကာ အဖြေမှန်ရရှိသူများအား ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)