ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း စတုတ္ထအကြိမ်နှစ်ပတ်လည်ညီလာခံနှင့် တိုင်းအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၂၀၂၅ ခုနှစ် စတုတ္ထအကြိမ်နှစ်ပတ်လည် ညီလာခံနှင့်တိုင်းအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ်ကြီးငါးကြီးဆုတောင်းပြည့်ဘုရားရင်ပြင်တော်၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌဦးခင်မောင်မြင့်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)ဥက္ကဋ္ဌဦးမြတ်ခိုင်တို့က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ တတိယအကြိမ် သက်တမ်းအတွင်းလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဒုတိယဥက္ကဋ္ဌဦးသက်တင်က ဖတ်ကြားတင်ပြပြီး စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ရန်စီစဉ်ထားရှိမှုကို တွဲဖက်အတွင်းရေးမှူး(၁)ဦးတင်ဝင်းက ရှင်းလင်းတင်ပြသည်။ ယင်း‌နောက် ရွေးချယ်တင်မြှောက်ပွဲအတွက် မဲပေးပုံနည်းစနစ်များကို ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌဦးရန်‌နောင်(ပညာရေး)က ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များထုတ်ပေးခြင်းနှင့် ညီလာခံကိုယ်စားလှယ်များ တစ်ဦးချင်း လျှို့ဝှက်မဲစနစ်ဖြင့် မြို့နယ်များမှကိုယ်စားလှယ်များကဆန္ဒပြုကြသည်။ ယင်း‌နောက် စတုတ္ထအကြိမ်ညီလာခံသက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ကြရာ ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌဦးထွန်းရင်၊ ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ အတွင်း‌ရေးမှူးဦးတင်၀င်း‌(တင်၀င်းလေး-ကြည်မြင်တိုင်)နှင့် အလုပ်အမှု‌ဆောင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့‌ပြီး ကတိသစ္စာခံယူခဲ့ကြ‌ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)