ရန်ကုန် ဇန်နဝါရီ ၂၀
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော်သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပပူဇော်ခြင်းအခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပပြီးစီးခဲ့သော (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်သံဃာတော်(၁၃)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ စာအောင်သံဃာတော်အရှင်သူမြတ်(၁၃)ပါးတို့အား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဆွေတော်မျိုးတော်များက စေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏစာအောင် ဆုနှင်းသဘင်အခမ်းအနားကို ရင်ပြင်တော်မြောက်ဘက်ချမ်းသာကြီးတန်ဆောင်း၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုပူဇော်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယတိပိဋက ရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စဓမ္မာစရိယပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးထွန်းက သာသနာရေးဆိုင်ရာဆောင်ရွက်မှုများ လျှောက်ထားတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နဝကမ္မနှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်အရှင်သူမြတ်(၅)ပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော်အရှင်သူမြတ်(၈)ပါးတို့အား အောင်စဉ်အလိုက်ဘွဲ့တံဆိပ်၊
အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းရာတွင် ဘွဲ့တံဆိပ်တော်များအား နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံသို့ ဦးစွာဆက်ကပ်၍ အသိအမှတ်ပြုမှုကိုခံယူတော်မူပြီး သီးခြားစာချတန်းအောင် အောင်စဉ်(၁)သံဃာတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း၊ အောင်စဉ်(၂)သံဃာတော်အားသာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးထွန်းကလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက စာအောင်သံဃာတော်များအား အောင်စဉ်အလိုက် ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့သြဝါဒါစရိယ၊ စေတိယင်္ဂဏနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇေတိကဓဇ၊ သ.စ.အဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ''ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)