တွံ​တေး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြား၊ သင်ယူမှု၊ ထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်လှစ်သင်ကြား

တွံတေး ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် အ.ထ.က(၁)တွံတေး ယုဇနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက အဖွင့်အမှာစကားနှင့် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ Grade-5 အတန်းတွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမ(၃၉၇)ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ ဆရာမ(၂၈)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီ၊ စာရိတ္တစသည့် Grade-5 သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာများကို စာသင်ခန်း(၂၆) ခန်းဖြင့် ဇန်နဝါရီ ၁၈၊၁၉၊၂၅၊၂၆ ရက်စုစုပေါင်း(၄)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား