မြစ်ကြီးနား ဇန်နဝါရီ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စတုတ္ထအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ စာအောင်ဆုများကို တက်ရောက်ဆက်ကပ်အပ်နှင်းပေးကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်း တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ စာအောင်ဆုရသံဃာတော်များတက်ရောက်ကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူ့ရှင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အစိုးရဓမ္မာစရိယစာမေးပွဲတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်း၊ နိကာယဝိဒူ၊ အဘိဓမ္မာနှင့် ဝသုဒ္ဓိမဂ် စသည့် တို့ကို အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်ဆရာများနှင့် လူပုဂ္ဂိုလ်စုစုပေါင်း (၁၂၉) ပါးတို့အား စာအောင်ဆုတံဆိပ်များကို ဆက်ကပ်အပ်နှင်းခဲ့ကြသည်။
ယင်းနောက် ဆရာတော်/ သံဃာတော်များထံမှ သမ္မောဒနီယသြဝါဒကထာကို နာယူတော်မူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်မြစ်ကြိးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၁၁) ၌ တောင်သူဦးဆွတ်ရိန် အပါအဝင် တောင်သူများ၏ မိုးစပါး ရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်၍ လယ်သီးထပ်ဆောင်းဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဒေသတွင်းဆန်ရိက္ခာဖူလုံသော်လည်း စားဆီဖူလုံမှုတွင် လိုအပ်ချက်များစွာ ရှိနေသေးပါကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီမှစတင်၍ သီးထပ်စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်သီးထပ်ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးနိုင်ရေး နှစ်အလိုက်စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် သီးထပ်စိုက်စွမ်းအား (၂၀၀) ရာခိုင်နှုန်းထိ တိုးချဲ့ဆောင်ရွက်နိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စားဆီဖူလုံမှု (၁၀၀) ရာခိုင်နှုန်း ကျော်ရရှိမည်ဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အဆိုပါကွင်းအတွင်းရှိ တောင်သူများကကွင်းအတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်မျိုးစေ့အိတ်များ၊ သဘာဝမြေသြဇာအိတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လယ်ကွင်းအတွင်းစိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက သီးထပ်အတွက်ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့များ တောင်သူ အသိပညာပေး ကြဲပက် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွင်းအတွင်းသီးထပ်စိုက်ပျိုးနိုင်ရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ခြံဝင်းအတွင်း ဆောင်းဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လယ်ကွင်းအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက် (၉) နာရီတွင် ပြည်နယ်ဘောလုံးကွင်းအတွင်း ရာပြည့်ကိုယ်ပိုင်အထက်ကျောင်း၏ ဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တာဝန်ရှိသူများနှင့် တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားအသင်းများအား ကျောင်းသား/ ကျောင်းသူများအနေဖြင့် ယနေ့ပြိုင်ပွဲမှ အားကစားကိုပိုမိုစိတ်ဝင်စား ချစ်မြတ်နိုးလာစေရေန်၊ အားကစားဖြင့် ကြံ့ခိုင်သန်စွမ်းပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်လာစေရန် အားကစားနည်းစနစ်များနှင့်စည်းကမ်းများအတိုင်း ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်အားကစားစိတ်ဓာတ်ကို အခြေခံပြီးပညာရည်ပြည့်ဝသော ထူးချွန်လူငယ်များအဖြစ် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်သောသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ် ဦးဘထွန်းကပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆောင်းရာသီအားကစားပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဇေယျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့်ကျောင်းအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသူလေးများ၏ ပန်းပွားအကဖြင့်ကပြဖျော်ဖြေမှုကိုလည်းကောင်း၊ အမျိုးသားအသင်းလိုက် ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဘုရင့်နောင်အသင်းနှင့်ဗန္ဓုလအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)