တံတားဦး ဇန်နဝါရီ ၂၀
တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ၌ ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ဆောင်းသီးနှံရာသီတွင် အဆိုပါကျေးရွာ၌ ဒေသခံတောင်သူများသည် စားဖိုဆောင်သီးနှံများကို အားထားလုပ်ကိုင်ကြကြောင်း ဆောင်းသီးနှံများအနေဖြင့် ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ချဉ်ပေါင်၊ ကန်စွန်းရွက်၊ ခရမ်းသီး၊ ငရုပ်၊ ကြက်သွန်၊ မေမြို့ပန်းနှင့် နံနံပင်တို့ကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုအခါ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အရင်က စိုက်ပျိုးသူနည်းပါးကာ နောက်ပိုင်းတွင်စိုက်ပျိုးသူများပြားလာကြောင်း ပန်းဂေါ်ဖီစထွက်ချိန်တွင် တစ်ထုပ်ကို ဒေသပေါက်ဈေး ပန်းဂေါ်ဖီတစ်ထုပ်လျှင် ငွေကျပ်(၁၀၀၀)ရရှိပါကြောင်း၊ စိုက်ခင်းတစ်ဧကလျှင် ပန်းဂေါ်ဖီထုပ်(၁)သောင်း ထွက်ရှိနိုင်ကြောင်း၊ တောင်သူအချို့မှာ မိမိစိုက်ပျိုးထားသော ဆောင်းသီးနှံများကို ကုန်သည်ပွဲစားများထံသို ပြန်လည်ရောင်းချကြကြောင်း ဇီးပင်ငွေ့ကျေးရွာ ဆောင်းသီးနှံစိုက်ပျိုးသူ ဦးထွန်းထွန်းထံမှ သိရသည်။
ပန်းဂေါ်ဖီစိုက်ပျိုးရေးလုပ်ငန်းသည် စစိုက်ပြီးအချိန်မှစ၍ သုံးးလခန့်အကြာတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ဒါ့အပြင် ထွက်ရှိလာသော ပန်းဂေါ်ဖီများကို ကုန်သည်ပွဲစားများမှ လက်လီရောင်းချသူများထံသို့ ပြန်လည်ရောင်းချပေးကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)