မြောင်းမြမြို့ ညောင်ပင်လေးဈေးတွင် မီးလောင်မှုဖြစ်ပွား

မြောင်းမြ ဇန်နဝါရီ ၂၀

ဧရာဝတိတိုင်းဒေသကြီး၊ မြောင်းခရိုင်၊ မြောင်းမြမြို့ အမှတ် (၂) ရပ်ကွက် ညောင်ပင်လေးဈေးတွင် ယမန်နေ့နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုဖြစ်ပွားရာသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကိဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်များဖြင့်မီးငြိမ်းသတ်ခဲ့ရာ ၂ နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုအကြောင်းရင်းနှင့်ပတ်သက်၍ ညောင်ပင်လေးစျေး ဆိုင်ခန်းအမှတ် (၄၅/၄၆) ဆိုင်ခန်းပိုင်ရှင် ဒေါ်သိန်းအေး၏ဆိုင်ခန်းမှ စတင်လောင်ကျွမ်းကြောင်း ဈေးအစောင့်ဖြစ်သူ ဦးဌေးဝင်းပြောပြချက်အရသိရသည်။

 အဆိုပါလောင်ကျွမ်းမှုကြောင့် (၆) ပေပတ်လည် ဆိုင်ခန်း (၁၁၀) အနက် မီးလောင်ပျက်စီးဆုံးရှုံးသွားသော ဆိုင်ခန်းအရေအတွက်နှင့် ဆုံးရှုံးခန့်မှန်းတန်ဖိုးအား မီးသတ်ဦးစီးဌာနမှ တွက်ချက်လျက်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

ဇေယျာ (မြောင်းမြ)