တပ်ကုန်း ဇန်နဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရှောက်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်မိုးတို့က ရာဂီမုန်တိုင်းအရှိန်ကြောင့် မိသားစုဝင်ငွေများ ထိခိုက်ခံခဲ့ရသော ကျေးရွာများကို ဦးစားပေးအစီအစဥ်ဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်များ သင်ကြားပေးလျက်ရှိရာ ယခုသင်တန်းမှ သင်ကြားပို့ချသည့် ပညာရပ်များအား တတ်ကျွမ်းအောင် သင်ယူကြရန်၊ သင်တန်းကာလပြီးစီးပြီနောက်ပိုင်းမှာ မိမိပတ်ဝန်းကျင် အိမ်ထောင်စုများကိုလည်း လက်ဆင့်ကမ်းသင်ကြားပေးရန်နှင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားကြပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက သင်ထောက်ကူပစ္စည်းများကို နည်းပြပညာဆရာမများအား ပေးအပ်ခဲ့သည်။
သင်တန်းသို့ ရှောက်ကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာနှင့် လက်ပန်ကုန်းကျေးရွာများမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ဖြင့် စျေးကွက်ဝင်ထုတ်ကုန်ပစ္စည်းအဖြစ် ရောင်းချနိုင်အောင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်